Friday, December 28, 2007

မွေးနေ့

ဆောင်းရေ. . .
အရေခွံ့ပြောင်းလဲ လက်တံဟောင်းကို
ခွာချွတ်ခဲ့ပြီလား။
ဒီလိုအချိန် ဒီရာသီမှာ…
ဘ၀ကို စခဲ့ရသလား။
ရင့်ရော်ပေမယ့်
အသစ်ကို ဖြစ်စေတယ်။
သစ်လွင်ပေမယ့်
အတိတ်ကို သတိရတယ်။
အခု ငါ့ အသက်ဘယ်လောက်ရှိပြီလဲ။

အင်း . . .
ပြန်ပြောင်းလို့လည်း မပြောချင်ဘူး
မျော်မှန်းပြီလည်း မတမ်းတဘူး။
အလှအပဆိုတာ
အပြောတော့ကောင်းတယ်
တခါတခါ အခါးအစပ်ကလည်း
ဆေးဘက်ဝင်တယ်။
မနှုးညံ့ပေမယ့်
မပျော့ပျောင်းခဲ့ဘူး....
မကြမ်းတမ်းပေမယ့်
မချော့မွေ့ခဲ့
အားလုံး သူ့အလိုကျ
စိန်ခေါ်ခဲ့ရတယ်…
ဘ၀ အဘိဓမ္မာဆိုတာ ဒါလား။

ဆောင်းရေ. . .
အကျိုးတရားတိုင်း အကြောင်းတရားက
ဖွားမြင်တယ်။
အတိတ်တိုင်းလည်း ပစ္စုပ္ပန်နဲ့
တိုက်ရိုက်သက်ဆိုင်တယ်။
ငါလည်း ငါ့လမ်း ငါ
လျှောက်ရတယ်။
မင်းလည်း မင်းလမ်း
မင်းလျှောက်ရမယ်။
ခဏတာ မင်းကို ငါ
လာနှုတ်ဆက်တယ်
ငါ ဆက်သွားလိုက်ဦးမယ်
မဆုံးသေးတဲ့ ခရီးဆီကို . . .။

လှဘုန်း

(ဒီကဗျာဟာ ကျွန်တော့်ချစ်သူ မွေးနေ့ အတွက် "လှဘုန်း" ဆိုတဲ့ညီလေးရဲ့  လက်ဆောင်ပါ။ ချစ်သူရှိရင် ကဗျာဖြစ်တယ်တဲ့။ ကျွန်တော်ကတော့ ချစ်သူရရှိမှ ကဗျာတွေမထွက်လာတော့ဘူး။ ကျွန်တော်ကတော့ ချစ်သူကိုချစ်တဲ့စိတ်နဲ ကိုယ်တိုင်ကဗျာ ဖြစ်သွားပြီထင်တယ်ဗျာ..)

Saturday, August 11, 2007

စုန်းကိုက်ခံရတဲ့သစ်သီး (တာရာမင်းဝေ)

ကျွန်တော်သည် ဘာမှမရှိသောအိုးတစ်လုံးဖြစ်ချင်ပါသည်။ အထဲမှာ ဘာမှမထည့်ထားချင်ပါ။ထိုသို့ဖြင့် အများကြီးရှိနေချင်ပါတော့သည်။

ကျွန်တော်သည် ရေလို စီးခဲ့ပါသည်။ အကွေ့အကောက်များစွာဖြတ်သန်းခဲ့ပါသည်။ သို့သော်လည်း..........
ကျွန်တော့်ကျောပေါ်တွင် အမှိုက်သရိုက်တချို့ လည်း.... ပါလာနိုင်ပါသည်။

ခွက်လွတ်တစ်လုံး ကို ကျွန်တော် ကြည့်သည်။အထဲမှာဘာမှ မရှိသောကြောင့် သူခွက်လွတ် ဖြစ်နေသည်။
ထိုဘာမှမရှိသောနေရာကပင်အသုံးဝင်လှသည်။ကျွန်တော်လည်း"ဘာမှမရှိသောနေရာ"ဖြစ်သည်။
ဘယ်ခွက်ထဲသို့ဝင်ရမည်နည်း။

ကျွန်တော်ဘာကိုမှ ဆုပ်ကိုင်မထားပါ။လက်ချောင်းတွေ ဒီအတိုင်းရှိပါသည်။ လက်ချောင်းအချင်းချင်း လည်းဆုပ်
ကိုင်မထားပါ။ လက်ချောင်းတွေဒီအတိုင်းရှိနေပါသည်။

ကျွန်တော်သည် ပညာရှင်ကြီးမဖြစ် ချင်ပါ။ အလွမ်းတွေထဲမှာ ပညာနှင့် ယှဉ်၍ဖြစ်ပေါ်လာ သော အလွမ်းသည်
အဆိုးဝါးဆုံး ဖြစ်ပါသည်။

ခြေဖျားထောက် ပြီးကျွန်တော် လမ်းလျှောက်ဖူးပါ သည်။ သတိနှင့် ထိန်း လျှောက်ခြင်းဖြစ်၍ မလဲပါ။ သို့သော်
သတိထားရခြင်းက ပင်ပန်းပါသည်။ထိန်း လျှောက်ရခြင်း ကြောင့်လည်း ညောင်းပါသည်။

ကျွန်တော် တိုးတိုးလေးနေချင်ပါသည်။ ကျယ်လောင်မှုကို မနှစ်သက်ပါ။ "တိုးတိုး" လေး "အော်" တတ် သူများ
ကိုလည်းတွေ့ဖူးပါသည်။သူတို့ ကို လဲ မနှစ်သက်ပါ။

အချို့လူများ သည် ကြိုးနှင့်ချည်နှောင်တတ်၏။ အချို့သူများက ကြိုးမပါဘဲ ချည်နှောင်တတ်သည်။
ကျွန်တောခံခဲ့ရဖူးသည်။

လိုအပ်လျှင်တော့ တိုက်ပွဲဝင်မည်။ သို့သော် မလိုအပ်အောင်ကြိုးစားမည်။

ကျွန်တော် သည် ကျောက်စိမ်း လို တစ်ချွင်ချွင်မြည် သူမဟုတ်။ ကျောက်ခဲလို တစ်ဝှီးဝှီး လှိမ့် ချင်သည်။
လမ်းဖယ်ပေးကြစေလိုသည်။

ကျွန်တော်မက်ခဲ့ဖူးသော အိမ်မက် တို့ များလှပြီ။ လူငယ်တစ်ယောက်အတွက် လုံလောက်ပါပြီ။ တော်ပါပြီ။
ကျွန်တော်ပြော သော်လည်း သူတို့မကြားကြ။ အိမ်မက်များစွာ လာမြဲလာသည်။

လိုချင်သောအခါ ကောက်ယူရ၏။ မလိုချင်တော့သောအခါ ပြန် လွှင့်ပစ်ရ၏။ အစကတည်းက မယူခဲ့လျှင်
အကောင်းသား။ ခုတော့ "အား" နှစ်ခါကုန်ရသည်။

ကျွန်တော့်ကို ဘယ်သူချည်နှေင်ခဲ့ သည် မသိ။ ဘယ် တုန်းက ချည်နှောင်ခဲ့ သည် မသိ။ ကျွန်တော့်မှာ ဖြည်လိုက် ရတာ။

အောင်မြင်ကြပါစေ။ သို့သော် အောင်မြင် ခြင်း သည် ငြိမ်းချမ်းခြင်း မဟုတ်။ ခွင့်လွှတ် ခြင်းကသာ ငြိမ်းချမ်းခြင်း
ဖြစ်သည်။ အဖော်မပါလည်း တစ် ယောက်ထဲရပ်တည်မည်။ ခွင့်လွှတ်ခြင်း ဖြင့် ငြိမ်းချမ်းမည်။

သူဋ္ဌေးကြီး လက် ထဲမှပြား စေ့သည်လည်း သူတောင်းစား လက်ထဲမှ ပြားစေ့ နှင် တန်ဖိုးညီသည်။

ဘ၀မှာ လေပြေ ကိုချည်း မျှော်လင့်စရာမလို ။ မုန်တိုင်းမှာလဲ အောက်ဆီဂျင်ပါလေသည်။

နိုးနိုးကြားကြားတော့ မအိပ်ချင်ပါ။ အိပ်မည့်အိပ်ပျော်အောင်ပဲအိပ် ပါ တော့မည်။

(တာရာမင်းဝေ)

Thursday, August 09, 2007

ကြယ်ကြွေသတို့သား




အကိုရယ်
နှမြောတယ် ...... ။
သေမင်းကအကောင်းကြိုက်လွန်းတော့
အလွမ်းကိုရွက်ကုန်လွင့်ထားရပြီပေါ့ ...... ။

poohatgyi@gmail.com




Tuesday, July 31, 2007

ငယ်အိမ်မက်၏လက်တွေ့ ဆန်ခြင်း

(၁)

ကျွန်တော်မူလတန်းကျောင်းသား လောက်ကပေါ့။ ငယ်အိမ်မက်တစ်ခု ရှိတယ်။ အဲ့ဒါ ..... တိုက်လေယာဉ်မှူးတဲ့။ ကျွန်တော်ရဲ့ ငယ်ဘ၀ဟာ လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုမှာ ကြီးပြင်းလာခဲ့ရတော့ ကျွန်တော်ဟာ စစ်ဘက်အရာရှိတစ်ယောက် ဖြစ်ချင်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက သူရဲကောင်းဝါဒဆိုတဲ့ herolism ကို ကလေးငယ်တစ်ယောက်ပီပီ ယုံကြည်ကိုးစားခဲ့မိပါတယ်။ ကျွန်တော်ကြည့်ခဲ့တဲ့ဇာတ်ကားတွေကကို သူရဲကောင်းဝါဒကို သူရဲကောင်းဝါဒကို အသားပေးတဲ့ ဇာတ်ကားတွေပါပဲ။ ဥပမာ - Spiderman၊ Superman စတာတွေပေါ့။ အင်း ...... ကျွန်တော်ဖြစ်ချင်ခဲ့တဲ့ တိုက်လေယာဉ်မှူးဆိုတာ တကယ်တော့သူရဲကောင်းဝါဒ နဲ့ မွေ့ လျော်သူတွေလို့ ထင်ခဲ့တယ်။
Do or Die, Dead or Alive
အခုအချိန်မှာတော့ ....... ကျွန်တော်ဟာတိုက်လေယာဉ်မှူး တဦးဖြစ်မလာခဲ့ပါဘူး။ အဓိကအချက်က ကျွန်တော့်အဖေကြောင့်ပဲ။ သူဟာ သူ့ ဘ၀တစ်ခုလုံးကို လက်နက်ကိုင်အဖွဲ့ အစည်းထဲမှာ နှစ်မြုပ်ရင်း နစ်မြုပ်နေခဲ့ရသူပါ။ ကျွန်တော့် အတွေးအခေါ်အရတော့ တိုက်လေယာဉ်မှူးမဖြစ်ချင်နေပါစေ ....... လူ့ ကျွန်တော့မဖြစ်ချင်ဘူးဗျာ။
ဒါကိုစဉ်းစားမိတိုင်း တွေးမိတာတစ်ခုရှိတယ်ဗျ။
ကျွန်တော်တို့ တိုင်းပြည်မှာ Herolism ပုံစံနဲ့ ဘ၀ကိုရပ်တည်၊ အာဏာကိုဆုပ်ကိုင်ထားလိုတွေ ရှိတယ်။ အခုလို Post Modern ခောတ်ကြီးထဲက နည်းပညာပေါက်ကွဲနေတဲ့ကာလမှာ Herolism ဟာ ကျွန်တော်တို့ လူ့ အဖွဲ့ အစည်းတစ်ခုလုံးအတွက် အသုံးကျစေပါတော့မလား ........ ?။
ကျွန်တော်ကတော့ Herolism ဆိုတာ ကြည်ကောင်းရုံဖန်တီးထားတဲ့ ရုပ်ရှင်ကားတွေမှာပဲ ရှိတော့လို့ ထင်တယ်။ ခင်ဗျားကာ ...... ဘယ်လိုထင်သလဲ ....... ?။

(၂)
ကျွန်တော် အလယ်တန်ကျောင်းသားလောက်ကပေါ့။ ငယ်အိပ်မက်တစ်ခုရှိတယ်။ YIT ဆိုတဲ့ကျောင်းကြီးမှာ အင်ဂျင်နီယာကျောင်သား တစ်ယောက်အနေနဲ့ တက်ရောက်ပညာသင်ကြားချင်ခဲ့တယ်။ အထူးသဖြင့် ဓါတုအင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်ခဲ့တယ်။ ကျွန်တော် ကံဆိုးခဲ့ပါတယ်။ တကယ်ကို ...... ကံဆိုးခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်း ကျွန်တော်အမှတ်ကောင်းခဲ့ပေမဲ့၊ ဓါတုအင်ဂျင်နီယာတစ်ယောက် ဖြစ်ခွင့်ရခဲ့ပေမဲ့ အတက်မက်ဆုံးဖြစ်တဲ့ YIT ကျောင်းသားတစ်ယောက်အဖြစ် မရဲရင့်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့  ........ GTC ဆိုတဲ့သီဟိုတောထဲက တစ်တပ်ကျောင်းဆောင်လေးတွေမှာ ၁နှစ်ခွဲလောက်ကို အချိန်ကုန်စေခဲ့ပါတယ်။ အင်း ..... အဲ့ဒီတုန်းကကျောင်းမတက်ခဲ့တာက ဆရာ၊ဆရာမတွေကြား တပည့်လုကြရင်း (ရိုင်းရိုင်းပြောရရင် "စာခွက်လုကြရင်း") ကျွန်တော်တို့  ကြားညပ်နေခဲ့လို့ပါ။ ဒီလိုနဲ့  .... ဒုတိယနှစ်အပြီး တတိယနှစ်မတက်ခင်မှာ ကျွန်တော်ဖြစ်ချင်ခဲ့တဲ့ ဓါတုအင်ဂျင်နီယာ ဘ၀ကို ရာသက်ပန်စွန့် လွတ်ခဲ့ပါတယ်။ ဘာလို့ လဲဆိုတော့ ...... ပညာတတ်လူငယ်ယောင်ဆောင်ပြီး ကိုယ့်ကိုကိုယ် မလိမ်ချင်လို့ ပါဗျာ။

ဒါကိုစဉ်စားမိတိုင်းတွေးမိတာတစ်ခုရှိတယ် .......။

ကျွန်တော်တို့ တိုင်းပြည်ရဲ့ တက္ကသိုလ်ကြီတွေမှာ နေ့ စဉ်နေ့ တိုင်းလိုလို ဘွဲ့ ဝတ်ရုံတစ်ကားကားနှင့် လူတွေကိုတွေ့ နေကြရပါတယ်။ သူတို့ကိုမြင်တိုင်း ကျွန်တော်ပျော်တယ်။ ဒါပေမဲ့ဗျာ ....... ကျွန်တော်တို့ တိုင်းပြည်အတွက် ဒေါင်ဒေါင်မြည် ပညာတတ်လူငယ်တွေလားဆိုတဲ့ မေးခွန်းကိုတော့ ကျုပ်မဖြေချင်ဘူးဗျာ။ ဘာလို့ လဲတော့ ကျွန်တော်ကိုတိုင် GTC မှာ B.Tech အထိတက်ရောက်နိုင်ခဲ့တာက "အကြောင်းကြောင်းသော အကြောင်းကြောင်းတို့ ကို အကြောင်းပြုပြီးသကာလ" တက်ရောက်နိုင်ခဲ့လို့ ပါပဲ။ ခင်ဗျားတို့ ကော ကျုပ်မဖြေချင်တဲ့ မေးခွန်းကို ဖြေချင်ကြပါသလား?.........။

(၃)

အင်ဂျင်နီယာကောလိပ် ကျောင်းသားတစ်တစ်ယောက်အဖြစ် ကျွန်တော် ဟန်ဆောင်နေတုန်းကပေါ့။ ငယ်အိမ်မက် တစ်ခုရှိတယ်။ "ရင်နင်အောင်မွေး" ဆိုတဲ့ ၀တ္တုဖတ်ပြီးချိန်လောက်ပေါ့။ လူအဖွဲ့ အစည်းကို လွတ်လပ်စွာ အထောက်အပံ့ ပေးနိုင်သူတွေကို လေးစားတယ်။ ဂုဏ်သိက္ခာရှိတဲ့သူတွေကို လေးစားတယ်။ သူတို့ လိုဖြစ်ချင်တယ်။ ကျွန်တော် လူချမ်သာတစ်ယောက် မဖြစ်ချင်ပါဘူး။ ကျွန်တော့်အတွက် တင့်တောင်းတင့်တယ် စားလောက်ရုံငွေကြေး ရှိရင်လုံလောက်ပါတယ်။ ဒါပေမဲ့ဗျာ ကျုပ်လုပ်ချင်တဲ့အလုပ်ရဲ့ဝင်ငွေဟာ ကျွန်တော့်အတွက်လက်တွေ့  မဆန်နိုင်ခဲ့ပါဘူး။ ကျွန်တော့်ရဲ့ အနိမ့်ဆုံးလိုအပ်ချက်ကိုတောင် ကျွန်တော်တပ်မက်ခဲ့တဲ့ အလုပ်က အာမခံချက်မပေးနိုင်ခဲ့ပါဘူး။ ကျွန်တော် တကယ်တပ်မက်ခဲ့တဲ့ နောက်ဆုံးအိမ်မက်က "တက္ကသိုလ်ဆရာ" တစ်ယောက်တဲ့။ ကျွန်တော့ရဲ့ နောက်ဆုံအိမ်မက်အတွက် ဘာကိုမှ ခင်ဗျားတို့ ကို မမေးချင်တော့ပါ။

(၄)
ကျွန်တော့်ရဲ့ ငယ်အိမ်မက် (၃)ခုလုံးကို ပြန်စဉ်းစားကြည့်တော့ အတွေးတချို့ ထပ်ရလာခဲ့ပါတယ်။

ခိုင်မာတဲ့ရည်ရွယ်ချက်ဆိုတာ ဘာလဲ?.........။

ကျုပ်ကတော့ဗျာ ........... အဲ့ဒီရည်ရွယ်ချက်ဆိုတာထက် အဲ့ဒီ ရည်ရွယ်ချက်ကိုချဉ်းကပ်တဲ့ မူဝါဒကိုသာ အလေးပေးချင်တယ်။
အနီးစပ်ဆုံးပြောရရင် .......... ကျွန်ုပ်တို့ ၏ ချစ်လှစွာသော မြန်မာပြည်ကြီးပေါ့။ အရှေ့တောင်အာရှမှာတောင် တဖြည်းဖြည်းနိမ်ပါးလာခဲ့တာ ရည်ရွယ်ချက်မကောင်လို့ လား?၊ မူဝါဒတွေမှားနေလို့ လား ?။
ကျုပ်ကတော့ မူဝါဒလို့ ပိုထင်ပါတယ်။
အင်း ..... အခုတော့ ...... ဘ၀အတွက် ခိုင်မာတဲ့မူဝါဒမရှိခဲ့တဲ့ ကျွန်တော်ဟာ ပျံကျ ITသမားတစ်ယောက်အဖြစ် ပေပေတေတေ နေသားကျနေခဲ့ပါပြီ။
ကျွန်ုပ်တို့ ချစ်တဲ့ မြန်မာပြည်ကြီကိုတော့ ပျံကျတိုင်းပြည်တစ်ခုအဖြစ် မပေတေစေချင်ပါဘူးဗျာ .........။

poohatgyi@gmail.com
02:03 AM
30th, July, 2007

Wednesday, July 04, 2007

ဝိညာဉ်မဲသော ......

မင်းသွေးကြောထဲစိမ့်ဝင်သွား
ငါ့မျက်လုံးတွေထားခဲ့ရ
ငါ့မျက်လုံးတွေထားခဲ့ရ ........
မင်းကျောပိုးအိတ်ထဲပိတ်မိကာ
ငါမနက်ခင်းတွေ သေဆုံးသွား
ငါမနက်ခင်းတွေ သေဆုံးသွား .......
သိပ်ချစ်တဲ့မင်းဆံပင်တွေကြား
ငါ့စိတ်ဓါတ်တွေ ကွဲအက်ကျ
ငါ့စိတ်ဓါတ်တွေ ကွဲအက်ကျ ........
မင်အနမ်းထဲရောက်တဲ့ည
ငါ့ရဲ့နုတ်ခမ်း ငါရှာလို့မရ
ငါ့ရဲ့နုတ်ခမ်း ငါရှာလို့မရ .........
ငါ့အိမ်မက်နှင့် တီရှပ်များ
မင်းရဲ့ညတွေထုတ်ဝတ်သွား
မင်းရဲ့ညတွေထုတ်ဝတ်သွား ........
မင်းဆုံးဖြတ်ချက် လက်ချောင်းများ
ငါရဲ့ဝိညာဉ်လာဖြုတ်သွား
ငါရဲ့ဝိညာဉ်လာဖြုတ်သွား ........ ။ ။

poohatgyi@gmail.com
23:04 PM
3th, July, 2007

ကိုယ်ရေးအတ္တုပ္ပတ္တိအကျဉ်း

ဗီယက်နမ်ကဗျာဆရာတစ်ယောက်လို ငါနေထိုင်
ဂျမေကာကျွန်းသားတစ်ယောက်လို ငါခံစား
အာဖရိကန်မုဆိုးတစ်ယောက်လို ငါအိပ်စက်
ကိုလံဘီယာအလုပ်သမားတစ်ယောက်လို ငါရှုမျှော်
သြော် .........
ငါတပ်မက်တဲ့ ကမ္ဘာကြီး
ငါးမန်းဟာ
ဆားငန်ရေနဲ့ အသားတုန်းငတ်သလို
ငါလည်း
အသစ် နဲ့ သူ့ အချစ်ကိုငတ်မွတ်မိ
နွေဦး (၂၂) ရှိခဲ့ပါပြီ။
နွေဦး (၂၂) ရုပ်ရှင်မှာ
ဗီလိန်လည်လုပ်ခဲ့ရ
ဇတ်လိုက်လည်းလုပ်ခဲ့ရ
ထောင်ချောက်လည်းနင်းခဲ့ရ
ပိုက်ကွန်လည်းချခဲ့ရ
ပျားရည်လည်းလျက်ခဲ့ရ
ဆေးခါးကြီးလည်းသောက်ခဲ့ရ
နတ်ပြည်လည်းတက်ခဲ့ရ
ငရဲပြည်လည်းတက်ခဲ့ရ
သေနတ်ပြစ်ခန်းလည်းကြုံခဲ့ရ
သခင်ကိုယ်တော်မှီူင်း နဲ့ အိုင်းစတိုင်း ကိုကြိုက်ခဲ့တာ
မင်ကိုနိုင် နဲ့ မာတင်လူသာကင်း ကိုကြိုက်ခဲ့တာ
ရောခ့်သီချင်း နဲ့ အရက်ပြင်း ကိုကြိုက်ခဲ့တာ
မုန့်ဟင်းခါး နဲ့ ပါပလာ ကိုကြိုက်ခဲ့တာ
ပါဝါမျက်မှန် နဲ့ ခြံထွက်သီးနှံ ကိုကြိုက်ခဲ့တာ
မဟတ္တမဂန္ဒီ နဲ့ အောင်ဆန်းစုကြည် ကိုကြိုက်ခဲ့တာ
မြို့ မငြိမ်း နဲ့ ကတ်ကိုဘိန်း ကိုကြိုက်ခဲ့တာ
ငါသလောက်ဥ နဲ့ ကောင်မလေး ကိုကြိုက်ခဲ့တာ
ငါဟာ တကယ့်ပုထုဇဉ်ပဲ။

poohatgyi@gmail.com
01 :07 AM
1st, July, 2007

Tuesday, June 19, 2007

ချစ်သောမေမေစုသို့ 

မေမေစုရေ ........
သား ....... ရိုးသားပွင့်လင်းစွာဖြင့်
နံနက်ခင်းများစွာကို
နိုးထတတ်ခဲ့ပြီ။

မေမေစုရေ ........
သား ....... အားမာန်ပြည့်ဝစွာဖြင့်
လူသားအလုပ်များစွာကို
(လူသားဆန်စွာ) လုပ်ကိုင်တတ်ခဲ့ပါပြီ။

မေမေစုရေ ........
သား ........ ဂုဏ်သက္ခာရှိစွာဖြင့်
မိမိ၏ ၀မ်းစာကို
ရောင့်ရဲတတ်ခဲ့ပါပြီ။

မေမေစုရေ ........
သား ....... တည်ငြိမ်ရင့်ကျက်စွာဖြင့်
အခက်အခဲများစွာကို
ကျော်ဖြတ်နိုင်ခဲ့ပါပြီ။

မေမေစုရေ ........
သား ....... ဘ၀ဟာ ဗော်ကာ အရက်လို
ပူလောင်ပြင်းပြနေခဲ့ရင်တောင်
လျှောက်လှမ်းရဲခဲ့ပါပြီ။

မေမေစုရေ ........
သား ....... မပြီးဆုံးသေးတဲ့
တိုက်ပွဲများအတွက်
ကလောင်တံကိုင်ဆွဲ
ချီတက်ရဲခဲ့ပါပြီ။

မေမေစုရေ ........
သား ....... မှန်သောတိုက်ပွဲအတွက်
ဘ၀ကိုရင်း
တိုက်ပွဲဝင်ရဲခဲ့ပါပြီ။

မေမေစုရေ .......
သား ....... ကြောက်ရွံခြင်းကင်းမဲ့စွာဖြင့်
ညပေါင်းများစွာကို
အိပ်စက်ရဲခဲ့ပါပြီ။

မေမေစုရေ .......
သား ...... သိတယ်
သေတယ် ဆိုတာ
လူတွေထင်သလောက်
ကြောက်စရာမကောင်းမှန်းပေါ့။

မေမေစုရေ .......
သား ....... သိတယ်
လူကျွန်တစ်ယောက်ရဲ့ ဘ၀ဟာ
လူတွေထင်ထားတာထက်
ပိုကြောက်စရာကောင်းမှန်းပေါ့။

မေမေစုရေ .......
မေမေ ....... ပြောခဲ့ပါတယ်
ကျွန်စိတ်ရှိတဲ့သူဟာ
ဘယ်ခောတ်မဆို ကျွန်ဖြစ်နေမှာပဲ။

မေမေစုရေ
သား ........ ယုံကြည်လိုက်ပါပြီ
သခင်စိတ်ရှိသူဟာ
ဘယ်ခောတ်မဆို သခင်ဖြစ်နေမှာကိုပေါ့။

poohatgyi@gmail.com
08:05 AM
Happy Birthday of Aung San Su Kyi

(လက်တန်းရေးချမိသည်။ ရင်မှာဖြစ်သော အရာကို ကျွန်တော်မဖျက်ချင်ပါ။ ထိုကြောင့် Blog ပေါ်တင်သည်။ မှားရင် ခွင့်လွတ်ပါ)

Thursday, June 14, 2007

ငါ့ကို ခွင့်ပြုပါ

ပိုစ့်မော်ဒန်ခောတ်ကြီးထဲမှာ ရှင်သန်ကြီးပြင်းခဲ့တဲ့ ကျွန်တော်ဟာ ပိုစ်မော်ဒန်လူငယ်တစ်ယောက် ဖြစ်နေခဲ့တာ မဆန်းပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ကာလတွေတုန်းက ကျွန်တော်က ပိုစ့်မော်ဒန်အတွေး တစ်ချို့ သာရှိခဲ့တာပါ။ ပိုစ့်မော်ဒန်လူငယ် တစ်ဦးမဖြစ်ခဲ့ပါဘူး။ ပိုစ့်မော်ဒန်စာပေ၊ အတွေးအခေါ်၊ နိုင်ငံရေး၊ ပညာရေး စတဲ့ စာတမ်းစာပေတွေကို ဖတ်ခဲ့ဘူးပါတယ်။ မြန်မာပြည်ကဆိုရင် ပိုစ့်မော်ဒန်ခောတ်ကို ဦးဆောင်ခဲ့တဲ့ ဆရာကြီးဇော်ဇော်အောင် နှင့် ပိုစ့်မော်ဒန်သူရဲကောင်းတွေဖြစ်တဲ့ ဆရာတာရာမင်းဝေ၊ ဆရာမင်းခိုက်စိုးစန် နှင့် အကိုကြီး ကိုမင်းကိုနိုင် တို့ ရဲ့ စာတွေ စကားတွေက ကျွန်တော်အပေါ် လွှမ်းမိုးခဲ့ပါတယ်။ ပြည်ပကဆိုရင်တော့ ဆစ်ဂမန်ဖရွိုက်၊ ဖရန်စစ်ဖူကူယားမား နှင့် နီရှေးမာတင် တို့ရဲ့အတွေးတွေက ကျွန်တော်ကို လွှမ်းမိုးခဲ့ပါတယ်။ အဲ့ဒီလိုပြောလို့  အထင်မကြီလိုက်ပါနဲ့ ။ ကျွန်တော် သူတို့ စာတွေအကုန်မဖတ်ဖူပါဘူး။ ဖတ်ဖူတဲ့အထဲက အကြိုက်ဆုံး ပိုစ့်မော်ဒန်သမားတွေဖြစ်နေလို့ ပါ။

တစ်ရက်မှာ ........ အင်း ...... အဲ့ဒီတစ်ရက်ပေါ့ဗျာ ...... ကျုပ်အသဲကွဲသွားတယ်။ ဘာမှမဆိုင်ပေမဲ့ ကျွန်တော် ဖတ်ဖူးတဲ့စာတွေက ကျွန်တော့်ကို စိတ်ပိုင်းဆိုင်ရာကြံခိုင်မှုတစ်ခုဖြစ်စေခဲ့ပါတယ်။ ထိခိုက်ခံစားနေပေမဲ့ လဲကျမသွားအောင် ထောက်ပံ့ပေးနိုင်ခဲ့တယ်။ သချိုင်းက မီးသဂြိုလ်စက်လို တမြေ့မြေ့လောင်ကျွမ်နေပေမဲ့ ကျုပ်ဟာသွေးအေးနေနိုင်ခဲ့ပါတယ်။ ဆရာတာရာ စကားနဲ့  ပြောရရင် “ပဲခွပ်နဲံအခုတ်ခံရတဲ့အိမ်မက်ပိုင်ရှင်” ပေါ့။ ဟုတ်ပါတယ် ..... ကျွန်တော်ဟာ ငရဲကျစေတဲ့ အိမ်မက်ကို ဆာဆာလောင်လောင် မက်ခဲ့သူတစ်ယောက်ပါ။

ဒီလိုနဲ့  ...... ၂၀၀၄ ခုနှစ် ဒိုင်ယာရီကနေစပြီး ကျွန်တော်ရေးခဲ့တာအားလုံးကို ပြန်ဖတ်တယ်။ အား ........ Abstract Art ...... ကျွန်တော်ဟာ Abstract တွေရေးနေတဲ့သူပါလား။ Abstract ...... Abstract ....... ကျွန်တော် ပိုစ့်မော်ဒန်လူသားတစ်ယောက် ဖြစ်သွားခဲ့ပါပြီ။ Abstract တွေ ရေးမှန်းမသိရေးနေခဲ့ပါပြီ။ ဟုတ်တယ်လေ ....... Abstract မှာ ယောင်ဆောင်မှုမရှိဘူး။ အတ္တမပါဘူး။ ကိုယ် ရေးတဲ့  ဒိုင်ယာရီမှာတော့ ကိုယ့်ကိုကိုယ် ပြန်မလိမ်တော့ပါဘူး။ တစ်ခုတော့သတိပေးရမယ်နော် ...... ကျုပ်က လူကောင်းတစ်ယောက်မဟုတ်ဘူး။ ဒါကြောင့် ကျုပ်ရဲ့အရင်က Abstract တွေကို ဘယ်သူကိုမှမပြဘူး။

သူငယ်ချင်းတို့ ရေ ....... ဒါပေမဲ့ပေါ့လေ ...... လတ်တလောရေးခဲ့မိတဲ့ အတွေးအရေးတွေကိုတော့ ငါ့ Blog မှာ တင်ချင်တယ်ကွာ။ ပိုစ့်မော်ဒန် အချစ်ရေးတွေအကြောင်း ငါမရေးချင်ပေမဲ့ ပိုစ်မော်ဒန်ခောတ်ရဲ့ အတွေးအခေါ်၊ နိုင်ငံရေး၊ ပညာရေး နှင့် လူမှုစီးပွား ကိုတော့ ငါကိုရေးခွင့်ပြုပါ။ ငါတို့ ရဲ့ နေ့ စဉ်လှုပ်ရှားမှုမှာ ကြုံတွေရတဲ့ အဖြစ်အပြက်တွေကို စုစည်းပြီး ငါတို့ တစ်တွေ ပိုစ်မော်ဒန်လူငယ်အဖြစ်ပြီပြင်လိုက်ကြရအောင်။ ငါအမြဲရေးနိုင်အောင် ကြိုးစားသွားပါ့မယ်။ ဆဲစရာရှိလဲ ငါ email ကို လှမ်ဆဲပေါ့ကွာ။ ဒီအချက်ကိုက ...... ပိုစ်မော်ဒန်ရဲ့ အနှစ်သာရပဲ။ ပိုစ်မော်ဒန်မှာရှိတဲ့ Abstract စိတ်ကူးတွေဟာ ...... လွတ်လပ်တယ်။ ဒါပေမဲ ..... မလိမ်ညာဘူး။ ငါကို ခွင့်ပြုပါ ...... ။

poohatgyi@gmail.com
8 - Jan - 2007
08:44 AM



Tuesday, May 29, 2007

(ကျွန်တော် ..... တစ်စုံတစ်ယောက်ကို သတိရပြီး အိပ်မရတဲ့ညတစ်ည..........။ ရူကြောင်ပြူကြောင် ကျုပ်အကြောင်းကို ရူကြောင်ပြူကြောင်နဲ့ ထရေးလိုက်မိတယ်။ အဲ့ဒီ တစ်စုံတစ်ယောက်က ဒီကောင် ခဏတစ်ဖြုတ်အရူးထတာလို့  ထင် မှာပါပဲ....။ ဒါပေမဲ့ဗျာ.....။ ကို့ ကိုယ်ကို .... အသိဆုံးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ...ဖတ်ကြပါကုန်လော့........။)


(က)

ကုန်းကုန်းကွကွမလုပ်တတ်ပါ။ ကုန်းပေါ်ကိုလည်း ပြေးမတက်ချင်ပါ။ ကေတီဗီလည်း သိပ်မသွားပါ။ ကောင်း ရောင်ကောင်းဝယ်လုပ်စားပါတယ်။ လူကောင်းတယောက်တော့ မဟုတ်ပါ။

(ခ)

ချစ်ရတဲ့သူတစ်ယောက် ရှိတယ်။ သူနာမည်က “ခ” နဲ့စတယ်။ ချစ်တယ်.....။

(ဂ)

ဂေါက်တောက်တောက် ဂေါ်မစွံ တစ်ကောင်ဖြစ်တယ်။ ဂင်တိုတိုတော့ မဟုတ်ဘူ။ ဂစ်တာတော့ တီးတယ်။ ဂွေးသီးကိုတော့ မကြိုက်ပါ။ ရွံစရာကြီး.....။

(ဃ)

“ဃာဃာ ဃင်ဃင် ဃူဃူ ဃီဃီ” ကျွန်တော်ရဲ့ ငယ်ငယ်တုန်းက “သာလိကာ” လေးရဲ့အသံပါ။ သူနဲ့ ကျွန်တော့ကြားမှာ သံယျောစဉ်တစ်ခု ရှိတယ်။ ခင်ဗျားနဲ့ ကျုပ်ကြားမှာကော သံယျောစဉ်တစ်ခု ရှိသလား......။ “ဃာဃာ ဃင်ဃင် ဃူဃူ ဃီဃီ”

(င)

ငါသည်ကား ရှည်မျှောမျှေား တစ်ကောင်ဖြစ်၏။ ငါသည်ကား ဗျိုင်းတစ်ကောင်လို ခပ်ကိုင်းကိုင်း ဖြစ်၏။ ငါသည်ကား စာခြောက်ရုပ်ကဲ့သို့  ပျံလွှားမလေးများကို ကြောက်ရွံ့ စေတတ်၏။ ငါသည်ကား ငကြောင်တစ်ကောင်လည်း ဖြစ်၏။ ငါသည်ကား ယောကျာင်္းစင်စစ် ဧကန်အမှန် ဖြစ်ပေ၏။ ဒါပေမဲ့ ...... ငှက်ကြော် တော့ကြိုက်တယ်ဗျ။

(စ)

...စ...က် ဖြစ်မရှိတဲ့ အကောင်လို့ ပြောလဲ ငါပြုံးနေမှာပါ “သူမ”ရယ်။ ...စ...က် သုံးမကျတဲ့ကောင်လို့ ပြောလဲ ငါရယ်နေမိမှာပဲ “သူမ”။ ...စ..က်ရူးလိုပြောလဲ ငါခံလိုက်မှာပဲ။ ဘာလို့ လဲဆိုတော့ ....... မင်းကို ငါ့စိတ်ထဲမှာ ချစ်စနိုးနဲ့  “ငါ့ရဲ့ ...စ...က်ကောင်မလေး” လို့  အမြဲခေါ်နေလိုပဲ။

(ဆ)

ဆဲနည်းမျိုးစုံရှိတယ်ဗျ။ အကုန်လုံးတော့ ကျုပ်မသိဘူး။ ဒါပေမဲ့....ဆဲနည်းတစ်မျိုးတော့ကျင့်ထားတယ်။ ဗိုက်ဆာတဲ့အခါ ထုတ်ထုတ်ဆဲတတ်တယ်။ ဘယ်လိုဆဲနည်းလဲ......။ “+x==-x+=-!!!!!!!!!”

(ဇ)

“ဇကောလောက်မှ ဇောက်မနက်သူ” လို့  တချို့ ကပြောချင်တယ်။ တကယ်တော့ ..... ငါဟာ.... “ဇကာလောက်တောင် ဇောက်မနက်သူ” ဖြစ်တယ်။ “ဇကောဇက အသက်အရွယ်မှာ ..... ဇဝေဇ၀ါအလုပ်တွေ လုပ်ရင်း ..... ငါသည် ဇရာထောင်နေပါရောလား”

(ဈ)

ဈေးသွားရမှာ သေမလောက်ပျင်းတယ်.....။

(ည)

ညာတာပါတေး ကောင်မလေးတစ်ယောက်ကို ညဖက်ရောက်ရင်တကယ်သတိရတယ်ဗျ။ ဟဲဟဲဟဲ.........။

(တ)

တိုက်တိုက်တွန်းတွန်း မပြောတတ်ပါ။ တွန်းတွန်းတိုက်တိုက် မလုပ်ချင်ပါ။ တွေးတွေးလေးတော့ နေတတ်နေပါပြီ။ တစောက်ကန်းမလုပ်ပါ။ ခုတလော.....တေမိလိုနေနေမိသည်။

တောင်မကျမြောက်မကျ ကျွန်တော်က
(အလွမ်းတွေ) တစ်ပုံ တစ်ပင်ဖြင့်
တမြေခြားကသူ့ ကို
တင်းပြည့်ကျပ်ပြည့်
တကယ်သတိရတယ်။

(ထ)

ထိကပါးရိကပါး ..... ထွေးလုံးရစ်ပတ် ..... ထွေးလားလုံးလား ...... ထွန့် ထွန့် လူးလူး ...... ထပ်ကာထပ်ကာ ..... ထွေရာလေးပါး ..... ထုံးတမ်းစဉ်လာ ...... ထုတ်ပတ်လျှောက်ပတ် ..... ထပ်တူထပ်မျှ ..... ထိပ်ထိပ်ပျာပျာ ..... ထည်တည်ဝါ၀ါ ..... ထုတ်ထုတ်ဝေေ၀ ........ ဝေ .......... ဝေ......အို..ထုတ်ထုတ်လွမ်းတယ်.....။

(ဒ)

ဒေါင်ဒေါင်မည်မဟုတ်တဲ့ ငါဟာ ... ဒှုတ်ခသုတ်ခတွေခံစားရင်း ... ဒုတ်ခသစ်စါကိုရင်မှာမှတ်လို့  ... ဒုတ်ခသည်တစ်ယောက်အဖြစ်နဲ့ ... အသဲကွဲဒုတ်ခသည်စခန်းမှာ ... ဒုတ်တချောင်းနဲ့ ... ဒေါင်ကျကျပြားကျကျနေတတ်ခဲ့ပြီ။

(န)

နကျယ်ကောင်မလေးရေ ..... န၀င်ပီယံစကားသံတွေနဲ့  ..... နားနားနေနေ ..... နားအေးပါးအေးနေရာတစ်ခုမှာ ..... နဝေတိမ်တောင်ဖြစ်အောင် ..... နာမည်ကြီးမဟုတ်တဲ့ငါကို ..... နားလှည့်ပါးရိုက်လုပ်ခဲ့တယ်။

(ပ)

ပညာနဲ့ ပဲအလုပ်လုပ်ချင်တယ်။ ပညာနဲ့ ပဲအလုပ်လုပ်ချင်တယ်။ ပညာနဲ့ ပဲအလုပ်လုပ်ချင်တယ်။ ပညာနဲ့ ပဲအလုပ်လုပ်ချင်တယ်။ ပညာနဲ့ ပဲအလုပ်လုပ်ချင်တယ်။ ပညာနဲ့ ပဲအလုပ်လုပ်ချင်တယ်။ပညာနဲ့ ပဲအလုပ်လုပ်ချင်တယ်။ ..............................။

(ဖ)

ဖရိုဖရဲဖြစ်နေတဲ့ငါ့ကို ...... ဖရုံသီးလေးတစ်လုံးတောင် ..... ဖြဲကားပြီး မင်းငါ့ကို မကျွေးခဲ့ပါဘူး။

(ဗ)

ဗရုတ်မကျတတ်တဲ့ငါ့ကို ..... ဗယောတ်ဗယက်ဘ၀ထဲမှာ ..... ဗရပွအလွမ်းတွေနဲ့ ..... ဗလချာလိုက်နေအောင် ..... ဗရုတ်သုတ်ခတွေနဲအတူ ..... ဗလောင်းဗလဲကြံခဲ့ပြီးမှ ..... ဗလောင်ဆူနေတဲ့ငါ့ရင်ကို ..... ဗလက်ကာရ မင်းလုပ်ခဲ့ပေါ့။

(ဘ)

ဘုရား ကို ယုံကြည်ကိုးကွယ် ပါ၏။

(မ)

မိန်းမဆိုတာက ကျုပ်သိသလောက်ပြောရရင် မိန်းမပဲဗျ။ မိန်းမိန်းပြီးမမဲ့ ဟာမလေးတွေ။ မခို့ တရို့ အပြုံးလေး နဲ့ ..... မခံချိမခံသာဖြစ်အောင် ..... မခို့ တရို လုပ်ခဲ့ပြီးမှ ..... မခံမရပ်နိုင်အောင် ..... အလွမ်းတွေ ..... မချိမဆံ့ ..... မထားခဲ့ပါနဲ့  ..... ငါ့ရဲ့ မိန်းမလေးရယ်.......။

(ယ)

ငါ ..... ယဇ်ပူဇော်ခံလိုက်ရပြီ ........... ။ ယဇ်ပူဇော်ခံလိုက်ရပြီ .........။ ပူဇော်ခံလိုက်ရပြီ .........။ ခံလိုက်ရပြီ ..........။ ခံရပြီ ....... ။ ခံ .........။ ............။

(ရ)

ရင်ကွဲပက်လက်။ ရင်ကွဲမှောက်ခုံ။ ရင်ကွဲဘေးစောင်း။ ရင်ကွဲ ကန့် လန့် ။ ရင်ကွဲဇောက်ထိုး။ ရင်ကွဲငုတ်တုပ်။ ရင်ကွဲဟက်တက်။ဟက်တက်ရင်ကွဲ။ ငုတ်တုပ်ရင်ကွဲ။ဇောက်တိုးရင်ကွဲ။ ကန့်လန့် ရင်ကွဲ။ ဘေးစောင်းရင်ကွဲ။ မှောက်ခုံရင်ကွဲ။ ပက်လက်ရင်ကွဲ။

(လ)

မိန်းကလေးတွေ လင်လိုချင်တာ ကျုပ်နဲ့ မဆိုင်ပါ ။ ကျုပ်ကတော့ လူပီသတဲ့ လူတစ်ယောက်ပဲ ဖြစ်ချင်တယ်။

(၀)

ဒီ ၀လုံးဆိုတဲ့ အက်ခရာက ကျွန်တော့ကို စာရေးဖို့ တွန့် ဆုတ်စေတယ်။ ဒါပေမဲ့ရေးရမယ်လေ။ ဘာရေးရင်ကောင်းမလဲ။ ပန်းတွေနဲ့ ဝေ....။ အင်း ဒီလိုလဲမဖြစ်ဘူး။ သူ ကမဝေချင်ဘူတဲ့ဗျ။ အဲ့ဒီတော့ ဘာရေးရမလဲ။ အော်သိပြီ။ နင် ...... ၀ဲပေါက်ရင်ဆေးခန်းပြဖို့  မမေ့နဲ့ ။ ဒါပဲ....။

(သ)

.........။

(ဟ)

ဗမာဟင်း ဗမာထမင်းပဲစားချင်တယ်။ ဟင့်အင်းလို့  မပြောပါနဲ့ ။ ဟိုးလေးတကျော်ဖြစ်သွားရင်တောင်းပန်ပါတယ်။ မင်းအတွက်ဟာသမင်းသားဖြစ်နေလို့ ပါ။ ဟာလ၀ါကြိုက် ရင်တော့ဝယ်ပို့ ပေးပါ့မယ်။ ငါ့ဟာမလေးရယ် ...... ။

ို


(ဆက်ရိုက်ရအုံးမယ်...... ဆက်ရန်......မျှော်......)



Sunday, May 27, 2007

မပြုံးချင်တော့တဲ့ငါ

မပြုံးချင်တော့တဲ့ငါ

ကျုပ်တစ်ခုမေးချင်တယ်ဗျာ.......

ခင်ဗျားတို့ မှာကော မျှော်လင့်ချက်တွေရှိလား ?
ဘယ်လိုမျှော်လင့်ချက်တွေလဲ?
မျှော်လင့်ချက် ကင်းမဲ့နေသူကိုကော တွေ့ ဘူးလား?
ဘာကြောင့် မျှော်လင့်ချက် ကင်းမဲ့နေတာလဲ ?
မျှော်လင့်ခြင်း မမျှော်လင့်ခြင်း ကင်းတဲ့ absolute တန်ဖိုးကို ရရှိနေသူကော ဖြစ်နေပြီလား ?

အင်း .......... ကျွန်တော်ကတော့........

ဘာကိုမှ မမျှော်လင့်ရဲတော့တဲ သူတစ်ယောက်ပေါ့။ ဒါပေမဲ့....ငါဟာ မျှော်လင့်ချက် မဲ့နေသူတစ်ယောက်တော့ မဟုတ်ဘူး။ မျှော်လင့်စရာ ဘာတစ်ခုမှ မရှိတော့တဲ့သူလဲ မဟုတ်ဘူး။ ငါဟာ မမျှော်လင့်ရဲရံ မမျှော်လင့်ရဲ တော့တာပါ။ ပင်ပန်းတယ်......။

...................................
“မျှော်လင့်ချက်ဆိုသည်မှာ လူသားတို့အတွက် လူသားတို့ကိုတိုင် မွေးဖွားသန့် စင်ခဲသည့် လောကမာယာ တစ် ခုပင်ဖြစ်သည်။”
...................................

ကျုပ်တစ်ခုမေးချင်တယ်ဗျာ.......

ခင်ဗျားတို့မှာ ပျော်စရာအကြောင်းအရာလေး တစ်ခုတော့ရှိမှာပေါ့..........
ဘယ်လို အကြောင်းအရာလဲ ?
ဘယ်သူ့ ကြောင့်လဲ ?
အင်......ဒီလိုပါပဲ...... မပျော်ရွင်နိုင်လောက်တဲ့ အကြောင်းအရာတစ်ခုလည်း ခင်ဗျားမှာရှိမှာပေါ့........
ဘယ်လို အကြောင်းအရာလဲ ?
ဘယ်သူ့ ကြောင့်လဲ ?

အင်း......ကျွန်တော်ကတော့........

ကျွန်တော့်ရဲ ပျော်စရာတွေကို....သူမ.....ဖန်ဆင်ခဲ့တယ်။ အဲ့ဒီပျော်စရာတွေကြောင့် ....... ကျွန်တော့်မှာ ...... မပျော်ရွင်နိုင်လောက်အောင် ၀မ်နည်းကျေကွဲနေရပြီ။ အင် ....... အခုတော့ ........ ပျော်ရမှာတောင်ကြောက်ရွံနေတဲ့ နှလုံးသားကို ရင်ဝယ်ပိုက်လျက်ပေါ့။ ဒါပေမဲ့ ........ လွမ်းတယ်.....။

..............................
“ပျော်ရွင်ခြင်းဆိုသည်မှာ လူသားတို့အတွက် လူသားတို့ကိုတိုင် မွေးဖွားသန့် စင်ခဲသည့် လောကရဲ့ ဆုပ်ကိုင်ထား၍မရသော ရေတပွက်သာ ဖြစ်သည်။”
..............................

ကျုပ်တစ်ခုမေးချင်တယ်ဗျာ.......

လူတစ်ယောက် နဲ့  တစ်ယောက် တွေ့ ကြရင် ဘာကြောင့်ပြုံးပြကြတာလဲ ?
ဒါ ....... လောက၀တ်လား .........?
ဒါဆို ........ ၀တ်ကျေတန်ကျေပေါ့.......
ဒီလိုသာဆို ....... “မိုနာလီဇာ”ကကော ဘာလို့  ပြုံးတာလဲ .........?
ပျော်လို့ လား ?....... ဂုဏ်ယူပြုံးလား ?........ လှောင်ပြုံးလား ?........ ဘာကိုပြုံးတာလဲ ?

အင်း......ကျွန်တော်ကတော့........

လူတွေတိုင်း မပြုံးပြနိုင်လို့  ....... ပြုံးနေတဲ့ မျက်နှာဖုံးတစ်ခုပဲ လိုချင်တယ်။ ကျုပ်သိပါတယ် ........ ခင်ဗျားတို့  လည်း ဒီမျက်နှာဖုံးပဲ စွပ်ထားကြတာ။ အင်း ........ လောကမှာတကယ်ပြုံးတဲ့သူက ခင်ဗျားတို့ မွေးတဲ့ ........ ခွေးကလေးတွေပဲ။ သူတို့ လေးတွေသာ ပျော်မယ်ဆိုရင် အမြှီးနှံနေမှာပဲ။ ဒီလိုပဲ ...... ကြောက်နေရင်....... အမြှီးကုပ်နေမှာပဲ။ တကယ်တော့ ........... ခင်ဗျားတို့ ကျွန်တော်တို့  လိုနေတာ ....... “အမြှီးတချောင်း” ပဲ။

အို.........
ငါ့ကို မပြုံးပြပါနဲ့ တော့ သူမရယ်။
လူတွေရဲ့ အပြုံးက
ညှီစော်နံလွန်းလို့ ပါ......။

ဇော်ရဲနောင်
၂၅ ၊ မေလ ၊ ၂၀၀၇






Saturday, May 26, 2007

ငါ့ဈာပန

ငါ့ဈာပန

ကောင်မလေးရေ ...........
တစ်ဘ၀စာ ခပ်ကြာကြာ
ကြည်.ခွင်.ရလိုက် ရုံလေးတင်ပါပဲ။
(ဘာမှမပိုခဲ့ပါဘူး)

ကောင်မလေးရေ ...........
ငါဆိုတဲ့အကောင်က သွေးအေး
ယဉ်ယဉ်ကျေးကျေး လေးပဲ
လွမ်းတယ်......။

ကောင်မလေးရေ ...........
မျှော်လင့်ချက်တွေကလဲ
သစ်ရွက်တွေလိုပဲ
တဖွဲဖွဲကြွေကျတတ်တော့
ငါ့မှာ........
လေပြေလေညင်း တိုက်ခတ်မှာကိုတောင်
ကြောက်ရွံနေရ
ဒီလိုသာဆို......
လူဖြစ်ရတာ ဘာများ အတန်ဖိုးရှိတော့မှာလဲ......။

ကောင်မလေးရေ ...........
လူတွေရဲ့ မျက်ဝန်းကိုက ညီစော်နံတယ်
ချော်လဲရေထိုင် ကြေကွဲတတ်သူတွေ မလာရ
ငါ့ဈာပနကို.......
ငါတစ်ယောက်ပဲ ချချင်တယ်.....။

ဇော်ရဲနောင်


Thursday, May 24, 2007